Wednesday, December 28, 2016

ဒီအာရုံအလင်း ဒီမနက်ခင်းကို ကျော်လွန်ဦးမည် လား


အေးစက်စက် လေပြေနုလေးတွေနဲ့ ကျေးငှက် တို့ တေး သီသံကြားနိုးထလာတဲ့မနက်ခင်းလေးဟာ သာယာလိမ့်မယ်လို့ ကျနော်အထင်စိတ်နဲ့နိုးထလာ ပါတယ်။ ခပ်ဝေးဝေးကပဲပြုတ်သည်သံအကြားမှာ မနက်စာထမင်းကြော်ဖို့ ပိုက်ဆံအိတ်ထဲက တစ် ထောင်တန်တစ်ရွက်ဆွဲထုတ်ပြီး တံခါးဖွင့်လို့ ရန်ကုန်ဒီဇင်ဘာဆိုတဲ့ နှင်းမကျတဲ့ဆောင်းကို ကြိုဆိုလျက်ပေါ့။ အမှတ်မထင်ကြားလိုက်တဲ့အသံ က မြန်မာပြည်နံနက်ခင်းကို ပန်ချီကားဆေးချယ်ဖို့ အချက်ပြသလိုကျနော့်စိတ်ထဲငြိမ်သက်မိခဲ့တယ်။

"ညီလေး.....မြန်မြန်လာ"ဆိုတဲ့အသံလေးအကြားမှာ ဖိနပ်မပါ ဆာလာအိတ်တစ်ဝက်အမှိုက် အိတ်ထမ်းလို့ ကျောင်းနေအရွယ်ကလေးငယ် သုံးဦးက ချမ်းသာတဲ့ရပ်ကွက်တစ်ခုလမ်းဘေးက ပုလင်းခွံ၊အိတ်ခွံလေးတွေ ကောက်နေပုံက ကျနော့်ကိုကင်မရာအမြန်ဆွဲဖို့ အသိလေးပေးလိုက်သလိုပေါ့။ ကင်မရာလေးဆွဲပြီး ရိုက်လိုက်တဲ့ဒီပုံလေးက မြန်မာပြည်မှာဆင်းရဲချမ်းသာကွာဟမှုအရမ်းကြီးမား နေတာကိုဖော်ပြသလို၊ အနာဂါတ်မျိုးဆက်လို့ခေါ်တဲ့မြန်မာ့ကလေးငယ်တွေ ဘဝကိုတွေးကြည့်မိလျက်ဝမ်းနည်းစေတယ်။နေရောင်မထွက်သေးတဲ့အချိန်တစ်ခုရဲ့ ပညာသင်အရွယ်ကလေးလေးတွေ အခုလိုလမ်းမပေါ်မှာမနက်ခင်းကြိုဆို နေပုံကတော့ မြန်မာနိုင်ငံရဲ့စနစ်ပြသနေသလို မြင်သူတိုင်းအဖို့ ခံစားတတ်ရင်ဝမ်းနည်းစရာပင်မဟုတ်လော......။

"နံပြား...ပဲပြုတ်....အီကြာကွေး........."ဆိုတဲ့ ထပ်ကာထပ်ကာအော် ရောင်းနေတဲ့ ပဲပြုတ်သည်ကိုလှမ်းခေါ်ပြီး ပဲပြုတ် ၂ဝ သားကို၅ဝဝကျပ်နဲ့ဝယ်ပြီးတဲ့အထိကျနော် စောစောကကောင်လေးတွေကို
ငေးမိနေတုန်းပဲ။ ကျနော်ကလည်းလူငယ်၊ကလေး ချစ်တတ်တာကို။ "အကိုကြီး မြန်မြန်လုပ်...နောက်ကျနေပြီ"ဆိုတဲ့ခပ်ဝေးဝေးက ကောင်လေးတစ်ယောက်က သူ့အကိုအကြီးဆုံးကိုပြောတဲ့အသံလေးကိုနားစွံ့မိပါတယ်။ "ညီလေးလာပြီသွားမယ်....နောက်ကျနေပြီ"ဆိုတဲ့ စကားသံမှာ ကျနော်တွေးမိပါတယ်။ ဒီလို မနက် ၆နာရီကျော်ကျော်အချိန်လေးဟာ ဓနရှင်တွေအဖို့တော့စောလွန်းနေဦးမယ်။လူလတ်တန်းစားတွေအတွက်တော့ ပုံမှန်အချိန်ဖြစ်လိမ့်မယ်။ ဒါပေမဲ့အခုလို ဆင်းရဲတဲ့ကလေးလေးတွေအတွက်တော့ နောက်ကျနေပြီတဲ့။ လူနည်းစုကအိပ်နေချိန် လူတစ်ချို့ကသာယာတဲ့မနက်ခင်းကိုကြိုဆိုချိန် မှာ လူအများစု မနက်ခင်းက နေမထွက်ခင် အလုပ်သွားဖို့ပြင်ကြဆင်ကြ၊ တစ်ချို့ကနံပြား၊ပဲပြုတ်၊ကြာကွေးထည့်ထားတဲ့ခြင်းတောင်းနဲ့ဗန်းလေးကိုရွက်ကြ၊တစ်ချို့ကရေစည်လှည်းလေးတွေတွန်းကြ၊ တစ်ချို့ကျောင်းနေအရွယ်ကလေးတွေမှာတော့ ဆာလအိတ်လေးနဲ့အမှိုက်အိတ်ထမ်းလို့ ဝမ်းရေးအတွက်လုပ်နေကြနဲ့ ဆေးပန်ချီရေးချယ်တတ်မယ်ဆိုရင် မြန်မာ့နံနက်ခင်းက အရောင်စုံနဲ့သွေးနဲ့ချွေးနဲ့မျက်ရည်တွေနဲ့ ရသမြောက်ပန်ချီတစ်ချပ်ဖြစ်မှာ မလွဲပေ....။

ယခုလိုပြည်သူတွေကြားထဲ ဆင်းရဲချမ်းသာအင်မတန်ကွာဟမှု၊ လူနည်းစုကနိဗ္ဗာန်စည်းစိမ်ခံနေချိန်၊ လူအများစုက ငရဲဘဝလိုနေရောင်မလာခင် ရုန်းကန်နေကြရတာတွေ၊ ကျောင်းနေအရွယ်ကလေးလေးတွေကလမ်းဘေး ရောက်နေရတာတွေကို မြင်မိတဲ့ကျနော့်အဖိုတော့ ဒီဇင်ဘာဆောင်းမနက်ခင်း တစ်ခုဟာ မနှစ်မြို့ဖွယ်ရသမြောက်ပန်ချီကားတစ်ချပ်၊နှလုံးနာဖွယ်ကဗျာတစ်ပုဒ်၊အရိုးနာမိတဲ့ ဓါတ်ပုံတစ်ပုံ ဖြစ်နေပါသည်။ ဤသို့မြင်ကွင်းမျိုးကို ဘယ်အုပ်စိုးသူလူတန်းစားများက များစာနာထောက်ထား၍မြင်မိလိမ့်မည်နည်း။ ဘယ်အစိုးရလက်ထက်ရောက်မှ ဒီလိုကျောင်းနေအရွယ်ကလေးတွေလမ်းဘေးကလွတ်မြောက်မည်နည်း...ဟုတွေးတောမိရင်း အချုပ်တန်းဆရာဖေရဲ့"တွေးမိတိုင်းအရိုးနာသည်၊ အမျိုးပါဆဲချင်ပေါ့လေး...."ဆိုတဲ့ ကဗျာတစ်ကြောင်းတီးတိုးရေရွတ်မိသည်မှာမဆန်းတော့ပေ....။ သို့သော် ဒီလိုကလေးလေးတွေဘဝ ဒီအာရုံအလင်း ဒီမနက်ခင်းကို ကျော်လွန်ဦးမည်လား ဆိုတာတော့ရင်ထဲကအမြဲတွေးနေမိသည်။ ဒီအာရုံအလင်း ဒီမနက်ခင်းကို ကျော်လွန်အောင်လုပ်ဖို့အတွက် အစိုးရမှာတာဝန်ရှိတယ်။ မသိတဲ့အစိုးရကိုသိဖို့ သတိပေးရမှာလည်းပြည်သူတွေအားလုံးမှာတာဝန်ရှိတယ်။ သိရက်နဲ့မလုပ်တဲ့အစိုးရကို တော်လှန်ပြောင်းလဲဖို့ကလည်း ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်။ ဒီဇင်ဘာမနက်ခင်းတစ်ခုမှာ မြန်မာပြည်သူနှင့်ကလေးငယ်တိုင်း ဒီအာရုံအလင်း ဒီမနက်ခင်းကို ကျော်လွန်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ပါတယ်.......။ ။

#စိုင်းနောင်ပြည် (27th December 2015)