မြန်မာလူမျိုးတွေက မြန်မာနိုင်ငံလို့ဆိုလျှင် မြန်မာလူမျိုးတစ်မျိုးတည်းနေထိုင်ပြီးပိုင်ဆိုင်တဲ့နိုင်ငံလို့မှတ်ယူ ကြတယ်လို့လူမျိုးကြီးဝါဒအစွဲကိုခေတ်အဆက်ဆက်အစိုးရတွေရဲ့ ကျောင်းသင်ရိုးညွှန်းတမ်းတွေအရ ဦးနှောက်ထဲရိုက်သွင်းခံခဲ့ကြရတယ်။ အဲလိုလိုပဲ တိုင်းရင်းသားတွေဆိုတာ သူတို့မြေပေါ်လာနေထိုင်တဲ့ လူတွေလို့အထင်ရောက်ကြတယ်။ ဒီလိုနဲ့ပဲ ကိုယ့်လူမျိုးသမိုင်းကိုယ်သိတဲ့တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေသမိုင်းမသိတဲ့ မြန်မာလူမျိုးတွေအကြားမှာစိတ်ပဋိပက္ခလေးတွေဖြစ်လာကြတယ်။ မြန်မာ (ခေါ်)ဗမာတွေကိုဆိုရင် တိုင်းရင်းသားတွေကမုန်းကြတယ်။ တိုင်းရင်းသားလူမျိုးအချင်းချင်းဆိုလေးစားချစ်ခင်ကြတာလည်းတွေ့ရတယ်။ ဒါဘာကြောင့်လည်းဆိုတာ ကျနော်လေ့လာမိတယ်။ တစ်နေ့ဆောင်းပါလေးတစ်ပုဒ်ဖတ်လိုက်ရတဲ့အခါအတော်လေးကိုသဘောပေါက် နားလည်သွားတယ်...။ အဲဒီဆောင်းပါးကတော့-
![]() |
ပုဂံခေတ် မြန်မာ၊မွန်၊ရှမ်း၊ရခိုင်နိုင်ငံ တို့၏မြေပုံ |
အနော်ရထာ မင်း နန်းတက် တဲ့ အချိန် အေဒီ ၁၀၄၄ မှာ မြန်မာနိုင်ငံဟာ ပုဂံ ကျောက်ဆည် မင်းဘူး တစ်ဝိုက် အညာဒေသမှာပဲ ရှိသေးတယ်။ အောက်မှာ မွန်နိုင်ငံ နှစ်ခု ဖြစ်တဲ့ ဟံသာဝတီ နဲ့ သထုံ တို့ ရှိတယ်။ အနော်ရထာ နန်းတက်ပြီး နောက် ၁၀ နှစ်လောက် အကြာမှ ဟံသာဝတီကို အရင်သိမ်းတယ် ပြီးတော့ သထုံကို သိမ်းတယ် ဒီလိုနဲ့ မှ ပုဂံ အင်ပါယာက လက်ရှိ မြန်မာ နိုင်ငံ မြေပုံ ထဲ က နဲနဲ တူလာတယ်။ အောက် တနင်္သာရီ အထိ ရှိလာတယ်။ ဒါပေမယ့် မြောက်ဘက်က ကချင်၊ အရှေ့ဘက်က ရှမ်း နဲ့ အနောက်ဘက် ရခိုင်ပြည်နယ်တွ မပါသေးဘူး။
နောက် ၁၂၈၇ ခုနှစ်မှာ မွန်ဂိုတွေ ဝင်တိုက်ပြီး ပုဂံ အင်ပါယာ ပျက်စီးသွားတယ်။နရပသီဟပတေ့ ရဲ့ သားတော် ကျော်စွာက နန်းတက်ခဲ့ပေမယ့် သူ့ မှာ တကယ့်အာဏာ မရှိတော့ဘဲ မြင်စိုင်း ညီအကိုတွေမှာပဲ တကယ့် အာဏာ ရှိလာတယ်။
ပုဂံ ပျက်ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းနဲ့ ပင်းယ ဆိုပြီး နိုင်ငံ နှစ်ခု ပေါ်လာတယ်။ သူတို့ က နယ်စားတွေ မဟုတ်ဘဲ ကိုယ့်ဘုရင်နဲ့ ကိုယ်အုပ်ချုပ်တဲ့ နိုင်ငံ နှစ်ခု ဖြစ်တယ်။ အောက်ဘက်မှာတော့ မွန်တွေရဲ့ ရာမည တိုင်း ရှိတယ်။ အဲအချိန်မှာ နိုင်ငံ ဧရိယာက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသလေးပဲ ဖြစ်တယ်။ ပင်းယနဲ့ စစ်ကိုင်းက အရှေ့ ဘက် က ရှမ်းလူမျိုးတွေက ဝင်တိုက်တာကို ခံခဲ့ရပြီးတော့ အင်အား လျော့နည်းလာတယ်။ သတိုးမင်းပြားက အင်အားနည်းနေတဲ့ စစ်ကိုင်းရော ပင်းယ ရောကို သိမ်းပြီး အင်းဝ နန်းဆက် ကို ၁၃၆၅ မှာ တည်ထောင်တယ်။ ၁၅၁၀ မှာ တပင်ရွှေထီးရဲ့ အဖေ မင်းကြီးညိုက တောင်ငူ နန်းဆက်ကို တည်ထောင်ပြီး အင်းဝ လက်အောက်မှာ ရှိနေတဲ့ တောင်ငူက ခွဲထွက်သွားတယ်။ ၁၅၅၅ မှာ ဘုရင့်နောင်က အင်းဝ ကို သိမ်းတယ်။ အင်းဝ နန်းဆက် ပျက်သွားပြီး တောင်ငူ နန်းဆက် စတင်တယ်။ အားလုံး သိကြတဲ့ အတိုင်း တောင်ငူ အင်ပါယာက အရှေ့တောင် အာရှမှာ အကြီးဆုံး အင်ပါယာ အဆင့် ထိ ဖြစ်ခဲ့တယ်။ အာသံ မဏိပူကနေ ထိုင်း နိုင်ငံ အထိ ပါ သိမ်းနိုင်တယ်။ (ရခိုင်နိုင်ငံတော့ မပါဘူး) ဒါပေမယ့် တောင်ငူ အင်ပါယာက ခဏလေးပဲ ဘုရင့်နောင် ကွယ်လွန်ပြီး နှစ် အနည်းငယ် အတွင်းမှာ ပျက်စီးသွားခဲ့တယ်။
နောက် ညောင်ရမ်း ခေတ် ကို ညောင်ရမ်း မင်း၊အနောက်ဘက်လွန်မင်း သာလွန်မင်း တို့ က ဆက်လက် တည်ဆောက်တယ်.။ ၁၇၄၀ မှာ မွန်တို့ က ညောင်ရမ်း အင်ပါယာကို ပြန်တော်လှန်ပြီး ဟံသာဝတီ နိုင်ငံ ကို ပြန်လည် တည်ထောင်ထောင်တယ်။ ပဲခူးကို မြို့တော်အဖြစ် ထားတယ်။ ဒါပေမယ့် တနင်္သာရီ တို့ မုတ္တမ တို့ ကတော့ သီးခြားလွတ်လပ်တဲ့ နယ်ပယ်တွေ ဖြစ်လာတယ်။
![]() | |
တောင်ငူအင်ပါယာအစနှင့်အိမ်နီးချင်းနိုင်ငံများ |
ဒါဖြင့် လက်ရှိ မြန်မာနိုင်ငံ မြေပုံ အတိုင်း ပြည်ထောင်စုနိုင်ငံ ကို ဘယ်သူက တည်ထောင်ခဲ့တာလဲ။
၁၉ ၄၇ ခုနှစ် ရောက် မှ “ ဗမာများနှင့် အတူ ပူးပေါင်းခြင်းဖြင့် လွတ်လပ်ရေးကို လျင်မြန်စွာ ရရှိမည်ဟု ယုံကြကြသည့် အားလျော်စွာ” အစချီ ပင်လုံ စာချုပ်မှာ လက်မှတ် ရေးထိုးပြီးမှ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ဖြစ်တဲ့ အတွက်ကြောင့် ပင်လုံ မှာ လက်မှတ်ထိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကသာ ဒီ ပြည်ထောင်စု ရဲ့ တည်ထောင်သူ ဖခင်ကြီးများ ( Founding Fathers) များ ဖြစ်ကြပါတယ်။ အမေရိကန် လွတ်လပ်ရေး ကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်နယ် ၁၃ ခု က ကိုယ်စားလှယ်တွေကို Founding Fathers များလို့ ခေါ်သလိုပါပဲ။ တစ်ခုပဲ ပင်လုံမှာက တိုင်းရင်းသား ကိုယ်စားလှယ် အစုံ မပါဘူး ဖြစ်နေတယ်။ တကယ်က ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း မွန် ဗမာ ရခိုင် ရှမ်းနဲ့ တနင်္သာရီဆိုတဲ့ ပြည်နယ် ၉ ခု က ကိုယ်စားလှယ်တွေ အားလုံး လက်မှတ် ရေးထိုး ပြီး အတူတကွ လွတ်လပ်ရေး ယူပါမယ်ဆိုပြီး ကြေငြာချက် ထုတ်နိုင်မယ်ဆိုရင် သူတို့ က ပြည်ထောင်စုကို တည်ထောင်တဲ့ ခေါင်းဆောင်တွေ အဖြစ် ပိုပြီး ပိုလွင်သွားမယ်။
ခုကျတော့ ကျောင်းမှာ သင်ခဲ့ရတဲ့ သမိုင်းကိုက ပင်လုံစာချုပ်ရဲ့ အေ၇းပါပုံကို ဖျောက်ထားတယ်။ စာချုပ်ထဲမှာ ဘာတွေ ပါလဲ ကလေးတွေ ဘယ်သူမှ မသိ။ သိစရာလဲ မလို။ ဒီစာချုပ်ရဲ့ ရည်ရွယ်ချက်က အင်္ဂလိပ်ကို ပြနိုင်ဖို့ ပဲ ။ အင်္ဂလိပ်က လက်ခံလို့ တပေါင်းတည်း လွတ်လပ်ရေး ပေးလိုက်ပြီ ဆိုရင် ရပြီ။ စာချုပ်ထဲမှာ ဘာပါပါ လိုက်နာစရာ မလိုတော့ဘူး ဆိုတဲ့ သဘောမျိုး သင်ကြားခံခဲ့ရတာ။
![]() |
တောင်ငူအင်ပါယာအကျယ်ပြန့်ဆုံးအချိန် |
သမိုင်း ကို သုံးတန်းကနေ စသင်ရတယ် ရှစ်တန်း အထိ ။ အဲဒီမှာ သမိုင်း ကို သင်တဲ့ နေရာမှာ မြေပုံနဲ့ တကွ မသင်ဘူး။ ဒီတော့ ကလေးတွေ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားလဲ ဆိုတော့ ဟိုး ပုဂံ ခေတ်ကနေ စပြီးတော့ လက်ရှိ မြန်မာနိုင်ငံ မြေပုံ အတိုင်း နိုင်ငံ က တည်ရှိခဲ့တယ်လို့ အထင်ရောက်သွားစေတယ်။ ဒီကနေမှ တိုင်းရင်းသားတွေမှာ သူတို့ ကိုယ်ပိုင် ရာဇဝင်တွေ ထီးနန်းတွေ ရှိခဲ့တယ်ဆိုတာကို မသိနိုင်တော့ဘူး ဖြစ်သွားခဲ့တယ်။ ဒါဆိုရင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူ ညီမျှခွင့် ဆိုတာကို ပါ နားမလည်နိုင်တော့ဘူး။ ပုဂံ ခေတ်ကနေ ကုန်းဘောင် ခေတ် အထိ နိုင်ငံ မြေပုံတွေ အဆင့်ဆင့် ပြောင်းလဲ လာပုံကို ကြည့်ရင် ပိုပြီး သမိုင်းကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။
Credit- Kyaw Thu Thu
မှတ်ချက်-အထက်ဆောင်းပါရှင်ရေးသလို-
တိုင်းရင်းသားတို့သည် ဗမာလူမျိုးတို့၏လက်အောက်ခံမဟုတ်သလို ဗမာလူမျိုးတို့သည်လည်း တိုင်းရင်းသားတို့၏လက်အောက်ခံအဖြစ်ဘယ်သောအခါမှမမှတ်ယူခဲ့ကြပေ။ မြန်မာလူမျိုးပဲသမိုင်းနှင့်တိုင်းပြည်ရှိတာမဟုတ်ပါဘူး။ ရှမ်း၊ကရင်နီ၊ရခိုင်၊မွန် အစရှိတဲ့ တိုင်းရင်းသားတို့သည်လည်း ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့် ကိုယ့်သမိုင်း ကိုယ်ရှိသည်။တန်းတူညီမျှဆက်ဆံပါ။ သာတူညီမျှပေါင်းသင်းပါ။ တိုင်းရင်းသားတို့ကို လူမျိုးရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာစကားစာပေအရသော်လည်းကောင်း မစော်ကားပါနှင့်။ မဖိနှိပ်ပါနှင့်။လူလူချင်းလေးစားကြဖို့လိုပါတယ်။ မဟာဗမာလူမျိုးအဖြစ် ဘဝင်လေဟပ် အယူမှတ်မနေကြဖို့ ငြိမ်းချမ်းရေးကို ရှေးရှုပြီးပြောချင်တယ်။ တိုင်းရင်းသားတွေတောင်းဆိုနေသော ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေး အစရှိသော ဖက်ဒရယ်စနစ်ကိုအကောင်အထည်ဖော်ရန် ၂ဝဝ၈အခြေခံဥပဒေကိုပြင်ဆင်ရန်လိုအပ်သည်။ တိုင်းသူပြည်သားအားလုံးတိုက်တွန်းရန်လိုအပ်သည်။ သို့မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ အလေးအနက်ထားတိုက်တွန်းတင်ပြပါသည်။
#စိုင်းနောင်ပြည့်