Sunday, February 12, 2017

မြန်မာ့ကလေးများနေ့အကြောင်းသိကောင်းစရာ






ကမ္ဘာ့ကလေးများနေ့ကိုအဘယ်ကြောင့်သတ်မှတ်သနည်း။
          ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကမ္ဘာ့ကလေးများနေ့ဟုသတ်မှတ်ထားသော်လည်း လမ်းစဉ် ပါတီခေတ်နှင့် စစ်အစိုးရလက်ထက်တလျှောက် အသိအမှတ်ပြုကျင်းပခြင်းမျိုးမှာ မရှိသလောက် ဖြစ်ပါသည်။ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ခြင်းမှာ ပါလီမန်ခေတ် ၁၉၅၆ ခုနစ်ကပင်စတင်ခဲ့ပါသည်။

ယခင်ကမ္ဘာ့ကလေးများနေ့
          နောင်အနာဂါတ်တွင် တိုင်းပြည်တာဝန်ထန်းဆောင်ကြရမည့် ကလေးသူငယ်များအား အလေးထားဂုဏ်ပြု သောအားဖြင့် ကမ္ဘာ့ကလေးများနေ့ကို ကုလသမဂ္ဂအဖွဲဝင်နိုင်ငံအသီးသီးတွင် မိမိတို့အစီအစဉ်ဖြင့်ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်အောက်တိုဘာလ၏ ပထမတနင်္လာနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ် ထားသော်လည်း တိုင်းပြည်အလိုက် သင့်တော်မည့်နေ့ရက်ကို ကျင်းပကြရန်ခွင့်ပြုခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့သို့
          ၁၉၅၆ခုနှစ်အတွက် ကမ္ဘာ့ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ယင်းနှစ်ဖေဖော်ဝါရီလဆန်း ပိုင်းကပင် ဆော်သြခဲ့ကြသည်။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့သို့ပြောင်းလဲကျင်းပရန် ကလေးသူငယ်အကျိုးဆောင် အဖွဲ့ချုပ်နှင့် ပြည်ထောင်စုလူမူဝန်ထမ်း ကောင်စီတို့က ဆုံးဖြတ်ခဲ့ ကြခြင်းဖြစ်သည်။ (၁-၂-၁၉၅၆)ရက်စွဲပါဟံသာဝတီ သတင်းစာတွင် ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့သို့ပြောင်းလဲလိုက်ကြောင်း အသိပေးကြေညာခဲ့သည်။

မေတ္တာရပ်ခံချက်
          ကမ္ဘာ့ကလေးများနေ့တွင် ၁၆နှစ်အောက်ကလေးသူငယ် ကျားမ မရွေး၊ဘာသာမရွေး တို့အား အခမ်းအနား ကျင်းပပေးခြင်းဖြင့် ၄င်းတို့၏အခွင့်အရေးကို အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာ ခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ မိခင်နှင့်ကလေးများ အဖွဲ့ချုပ် ၏အဖွဲ့ဝင်များအနေဖြင့်လည်း ကူညီဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံစာတစ်စောင်ကို အဖွဲ့ချုပ် အတွင်းရေးမှူးလက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

ပထမဆုံးအခမ်းအနား
          ပထမဆုံး ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သော ၁၃ ဖေဖော်ဝါရီ ၁၃၅၆ နံနက်၇နာရီခွဲအချိန်တွင် ရန်ကုန်မြို့ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပခဲ့သည်။ယင်းအခမ်း အနားကို ကလေးသူငယ်များ အကျိုးဆောင်အဖွဲ့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ယင်းအခမ်းအနား သို့ ရန်ကုန်မြို့ပေါ်ရှိ ကလေးသူငယ်များနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူမျိုးအလိုက်ဝတ်စုံဝတ်ဆင်ထားသော သံရုံးများမှ ကလေးသူငယ်များလာရောက် ခဲ့ကြသည်။


တက်ရောက်သူများ
          အခမ်းအနားသို့ လူမှုဝန်ထမ်းကြီး ဦးဘစော၊ပြည်သူလွတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးအောင်၊ ကလေး လူငယ်အကျိုး ဆောင်အဖွဲ့ဥက္ကဋ္ဌ လူမျိုးစုလွတ်တော်နာယက စပ်ရွှေသိုက်၊မြို့တော်ဝန် ဦးစိန်ဖေ၊ ဝန်ကြီး မန်းဘဆိုင်၊မြူနီစီမယ် မင်းကြီး ဦးထွန်းအုံ၊ ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်နှင့် လူမှုဝန်ထမ်းဌာန အကြီးအကဲများ၊ ကလေး သူငယ်အဖွဲ့အကြီးအကဲများ စုံညီစွာတက်ရောက်ခဲ့ကြ သည်။

အခမ်းအနားစတင်ခြင်း
        ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် လူမှုဝန်ထမ်းကော်မတီိအတွင် ရေးမှူး ဦးဘခင်ကဆောင်ရွက်ခဲ့သည်။ နံနက် ၇နာရီခွဲအချိန်တွင် နာယက စပ်ရွှေသိုက် ရောက်ရှိလာ သောအခါ ရဲတပ်ဖွဲ့က ဘင်ခရာတီးဝိုင်းဖြင့် စတင်တီးမှုတ်ဖျော်ဖြေပါသည်။ ထို့နောက် ကင်းထောက် လုလင်နှင့် ကင်းထောက်အမျိုးသမီး လေးများ ပါဝင်သော ကိုယ်ရံတော်တပ်ကို စစ်ဆေးပါသည်။ ပြီးစီး သောအခါ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ယင်းနောက် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား နှစ်မိနစ်ငြိမ်ကာ အလေးပြုကြသည်။

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ
          နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး၏ သဝဏ်လွှာကို ကလေးသူငယ်များအကျိုးဆောင် အဖွဲ့၏ အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဝန်ကြီး မန်းဘဆိုင်ကဖတ်ကြားခဲ့သည်။ထို့နောက် နိုင်ငံတော် ဝန်ကြီးချုပ်၏ သဝဏ်လွှာကို မြန်မာပြည်ကိုယ်စားလှယ် ဒေါ်ခင်ကြည်က ဖတ်ကြားခဲ့သည်။

သဘာပတိမိန့်ခွန်း
          သဘာပတိ စပ်ရွှေသိုက်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ဤနေရာတွင် ကမ္ဘာ့ကလေးများ နေ့ကို ကျင်းပပေးနိုင်သဖြင့် နိုင်ငံတော်အတွက်များစွာဝမ်းမြောက်ပါကြောင်း၊ယနေ့လူကြီးများ ကြိုးပမ်း အားထုတ်နေသည့် လုပ်ငန်းများကို ထပ်ဆင့်ပြောင်းကာထမ်းဆောင်စေမည့် ကလေးသူငယ်များအား ချစ်မြတ်နိုးမှု၊ယုယပြုစုမှုတို့တွင် လည်း လူမျိုးအသီးသီး၊ဘာသာအယူဝါဒအသီးသီးတို့သည် တူညီသော စေတနာထားကြရမည် ဖြစ်ကြောင်း၊ မိဘက သားသမီး၊ဆရာကတပည့်များကို ချစ်မြတ်နိုးကြကြောင်း၊ ပြည်ထောင်စုတာဝန်နှင့် ကမ္ဘာ့တာဝန်တရပ်အဖြစ် ကလေး များအား လူမျိုးဘာသာမခွဲခြားပဲပြုစု စောင့် ရှောက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

မြို့တော်ဝန်ဦးစိန်ဖေ၏ အမှာစကား
        ကမ္ဘာ့ကလေးများနေ့အခမ်းအနားသို့ လူမျိုးစုလွတ်တော်နာယက စပ်ရွှေသိုက်အပြင် ရန်ကုန် မြို့တော်ဝန် ဦးစိန်ဖေလည်း တက်ရောက်အမှာစကားပြောကြားခဲ့သည်မှာ ထူးခြားလှပါသည်။

အခွင့်အရေးကြေညာစာတမ်း
          ကမ္ဘာ့ကလေးများနေ့အခမ်းအနားတွင် ကမ္ဘာ့ကုလသမဂ္ဂမှထုတ်ပြန်သောကလေးများ၏အခွင့်အရေးကြေညာ စာတမ်းကိုလည်း ဖတ်ကြားခဲ့သည်။ ယင်းကြေညာစာတမ်းဖတ်သူမှာ ရန်ကုန်မြို့ မြူနီစီပယ်ဉာဏဗလကျောင်းမှ စတုတ္ထတန်းကျောင်းသား မောင်ဗေဒါဖြစ်သည်။

ဆုတံဆိပ်ချီးမြင့်ရေးအစီအစဉ်
        ယင်းနောက် အခမ်းအနားမှူးဦးဘခင်က ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် တံဆိပ်ပေးအပ်ရန် အစီအစဉ် ကိုအကျင့်စာရိတ္တကောင်းမွန်မှု၊ပရဟိတလုပ်ငန်း စိတ်ဓါတ်ရှိမှု အစရှိသော အချက်အ လက်များအပေါ် အခြေခံ၍ ပညာရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ဆုချီးမြင့်သွားမည်ဖြစ်ကြောင်း ဖြစ်ပါသည်။ဆုတံဆိပ်မှာ ရွှေတံဆိပ်ဆုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ပေးအပ်မည်ဖြစ်သည်။

စာပေပြိုင်ပွဲဆု
          အစီအစဉ်များကို ဆက်လက်ကျင်းပရာတွင် ပြန်ကြားရေးဌာန ကလေးရိပ်သာတွင်ကျင်းပခဲ့ သော စာပေပြိုင်ပွဲမှ ဆုရရှိသောကလေးမျာကို ဆုချီးမြင့်ပါသည်။ စာပေပြိုင်ပွဲတွင် ကလေးသူငယ်များ
အား စာစီစာကုံး ရေးသားသီကုံးစေခဲ့ပြီး ပြိုင်ပွဲဝင်စာများထဲမှ အကောင်းဆုံးစာစီစာကုံးများကို ဆုအဖြစ် သတ်မှတ်ချီးမြှင့်ပါသည်။ စာပေပြိုင်ပွဲဆုရရှိသူကလေးများကို မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကိုယ်တိုင်ဆုချီးမြင့်ပေးခဲ့ပါသည်။



ပျော်ပွဲရွှ့င်ပွဲများ
          ကမ္ဘာ့ကလေးများနေ့အခမ်းအနားတွင် ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြသည်။ စိန်ပေါကျောင်း(ယခုဗိုလ်တထောင်အ.ထ.က-၆)ဘင်ခရာအဖွဲ့က ဘင်ခရာဖြင့်တီးမှုတ်ဖျော်ဖြေသည်။ ထို့နောက်နိုင်ငံပေါင်းစုံအမျိုးသားဝတ်စုံဆင်မြန်းထားကြသည့် ကလေးသူငယ်များက ကပြဖျော်ဖြေကြ သည်။ညနေပိုင်းတွင် ပျော်ပွဲရွှင်ပွဲများအဖြစ် မျက်လှည့်ပွဲ၊အငြိမ့်၊တီးဝိုင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ကမ္ဘာ့ကလေးများနေ့
          ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းကာလတွင် မြန်မာနိုင်ငံ တွင်စတင်ကျင်းပခဲ့ရာတွင် နိုင်ငံအများစုက ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သည့်အတိုင်း နှစ်စဉ် အောက်တိုဘာလ ပထမတနင်္လာနေ့တွင်ကျင်းပကြသည်။မြန်မာနိုင်ငံတွင် ၁၉၉၅ခုနှစ် ကျင်းပစဉ် ကလည်း ထိုသို့ပင်ကျင်းပခဲ့သည်။သို့သော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် နိုင်ငံအလိုက် သင့် တော်ရာနေ့တွင် ကျင်းပကြရန် ခွင့်ပြုခဲ့ရာ မြန်မာနိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကမ္ဘာ့က လေးများနေ့အဖြစ်သတ်မှတ်ကြခြင်း ဖြစ်ပါသည်။

တိမ်မြုပ်ပျောက်ကွယ်ခြင်း
          ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ပါလီမန်ခေတ်တစ်လျှောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တွင် နှစ်စဉ်ကျင်းပခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တဖြေးဖြေး မှေး မှိန်သွားခဲ့ရသည်။မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအား လေးစားဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊အနာဂါတ် မျိုးဆက်သစ်လူငယ်များအား အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း၊ကမ္ဘာ့ကလေးများနေ့အခမ်းအနားများအား ပါလီမန်ခေတ်ကဲ့သို့စည်ကားစွာ ပြန်လည် ကျင်းပသင့်ကြပြီဖြစ်ပါသည်။

#စိုင်းနောင်ပြည့်
ရည်ညွန်းကိုးကား-
၁။ ဟံသာဝတီသတင်းစာ(၁၄-၂-၁၉၅၆)