ကျနော်တို့ရှမ်းလူမျိုးတွေတစ်ခုခုပြောပြီဆိုရင် ဗမာတွေဟာ ဗိုလ်ချုပ်အောင်ဆန်းသာမတိုက်ခဲ့ရင်မင်းတို့ရှမ်းတွေလွတ်လပ်ရေးတောင်ရခဲ့မှာမဟုတ်ဘူးတဲ့။ ဒီလိုနေရမှာတောင်မဟုတ်ဘူးတဲ့။ပထမဆုံးအနေနဲ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်တည်းတိုက်ခဲ့တာလား။ ဗမာတွေပဲတိုက်ခဲ့ကြတာလား။ဆိုတဲ့မေးခွန်းမေးမိတယ်။ နောက်ပြီးရှမ်းပြည်အတွက်ဗမာတွေတိုက်ခဲ့တာလား ဆိုတာထပ်မေးမိတယ်။ ရှမ်းပြည်ဟာလွတ်လပ်ရေးသမိုင်းပြန်လေ့လာမယ်ဆိုရင်တော့ အများကြီးပဲ...။ ဒါပေမဲ့ခေတ်အဆက်ဆက်သမိုင်းဖျောက်ခံခဲ့ရတယ်။ နောက်ပြီးရှမ်းပြည်ရဲ့ ပင်လုံစာချုပ်နဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြည့်မယ်ဆိုရင်တော့ ရှမ်းစော်ဘွားတွေနဲ့ ရှမ်းပြည်လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ ရှမ်းကျောင်းသားတွေရဲ့ကြိုးပမ်းမှုတွေဟာ အဓိကကျပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်းအားလုံးလေးစားကြပါတယ်။ ဘာလို့လေးစားလည်းဆိုတာ သူဟာသတ္တိရှိတယ်၊ ရဲရင့်တယ်၊ သူ့တာဝန်ကိုသူသိတယ်၊ သူဟာခေါင်းဆောင်တစ်ယောက်ပီသတယ်။ ဒါကြောင့်လေးစားဖို့ကောင်းလို့ လေးစားတယ်။ဗမာဖြစ်လို့လေးစားခဲ့ကြတာမဟုတ်ဘူး။

အင်္ဂလိပ်တွေလွတ်လပ်ရေးပေးသည်ဆိုသည်က သူ့အနေဖြင့်မဖြစ်မနေပေးရမည့်အခြေအနေကြောင့်ဖြစ်သည်။ မဖြစ်မနေပေးရမည့်အခြေအနေဆိုသည်မှာ သူတို့၏မိခင်တိုင်းပြည်ဖြစ်သော အင်္ဂလန်နိုင်ငံသည် ၁၉၄၅ တွင်ဒုတိယကမ္ဘာစစ်ကြောင့် ပြာပုံအဖြစ်ရောက်နေပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကချင်ရိန်းဂျားတပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဖဆပလ၊ ဘီအိုင်အေ၊ ရှမ်းလက်နက်ကိုင်စသည့် နေရာဒေသအသီးသီးတွင် လက်နက်ကိုင်များစွာရှိနေပြီးဖြစ်သည်။ တိုက်လျှင် မိခင်တိုင်းပြည်တောင်ပြာပုံဖြစ်နေသော အင်္ဂလိပ်တို့ကား ကျရှုံးမှုနှင့်ဆုံးရှုံးမှုများစွာကြုံရမည်ဖြစ်သည်။ ထို့ကြောင့် ကိုလိုနီသိမ်းထားသည့်နယ်မြေတိုင်းလွတ်လပ်ရေးကိုမဖြစ်မနေ ပေးရတော့မည်ဖြစ်သည်။
နောက်တစ်ခုကအလံနဲ့ပတ်သတ်ရင် လွတ်လပ်ရေးမရခင်ကတည်းက ရှမ်းပြည်ရဲ့အလံတော်ဟာ ဝါစိမ်းနီနဲ့ လဝန်းဖြူအလံကိုပဲသုံးခဲ့ကြတာပါ။ ပင်လုံစာချုပ်အတွက် လာကြတဲ့ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးဟာ ဒီအလံတော်ကိုအလေးပြုခဲ့ကြတာပါပဲ။
လွတ်လပ်ရေးမရခင်ကတည်းက လွတ်လပ်ရေးရပြီးသည်အထိ ရှမ်းအလံကိုသာရှမ်းပြည်တွင်သုံးခဲ့သည်။
ဗြိတိသျှအလံဖြုတ်ချ၍ Burma အလံလွှင့်ခဲ့သည်မဟုတ်။ ရှမ်းအလံကိုသာလွှင့်ထူခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်သည် ဗမာကြောင့် လွတ်လပ်ရေးရသည် မဟုတ် ပူးပေါင်းရယူခဲ့ခြင်းသာဖြစ်သည်။
ဒါကို ဗမာအများစုကိုသိစေချင်သည်က အဘယ်ကြောင့်ဗမာတွေကြောင့် ရှမ်းပြည်က လွတ်လပ်ရေးရခဲ့တယ်လိုပြောချင်ကြသနည်း။ ဗမာတွေတိုက်လို့ပဲ အင်္ဂလိပ်တွေက ဒီနိုင်ငံတော်ကထွက်သွားကြတာလို့အဘယ်ကြောင့်ပြောသနည်း။
၁၉၆၂တွင်ဗမာစစ်အစိုးရဗိုလ်နေဝင်းလက်ထက်မှစတင်၍ တိုင်းရင်းသားအားလုံးဗမာစစ်ဘီလူးဖက်ဆစ်လက်အောက်ပြန်ကျရောက်ခဲ့ကြသည်။ယနေ့တိုင်လွတ်လပ်ရေးဆုံးရှုံးခဲ့ကြလေသည်။ ဗမာပြည်သူလူထုသည်လည်း ကိုလိုနီဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရသော်လည်း၊ စစ်ဘီလူးဖက်ဆစ်တို့၏ ဖိနှိပ်မှုအောက်က ယနေ့တိုင်လွတ်မြောက်ပြီလော...စဉ်းစားကြပါ။
ထို့ကြောင့်တိုင်းရင်းသားအားလုံးကို လူမျိုးရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း......ဗမာမဟာလူမျိုးကြီးဝါဒအရထပ်မံညှင်းပန်းနှိပ်စက်မှုမလုပ်ကြပါရန်ငြိမ်းချမ်းရေးရှေးရှု၍ မေတ္တာရပ်ခံပါတယ်။
#စိုင်းနောင်ပြည့်
No comments:
Post a Comment