Tuesday, January 3, 2017

အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း၏ ညွန်ကြားချက် (၇)ရပ် နှင့်ပြည်တွင်းစစ်

ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးစဉ်

လွန်ခဲ့တဲ့ရက်ပိုင်း ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နဲ့ လူငယ် ၁၈ယောက်ဟာ နေပြည်တော် MICC-II ခန်းမမှာ   Peace-Talk လို့ခေါ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းလုပ်ခဲ့တာကို ၁နာရီ ၁၄မိနစ်ကြာ  ဗီဒီယိုလေးကိုကြည့်လိုက်ရတယ်။ လူငယ်တွေအသံတွထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းခြွေမှုတွေကများပြားသလို ငြိမ်းချမ်းရေးအတွက် ဆိုရာမှာလည်း အာဃာတတွေလျော့ဖို့ကိုပဲစောင်းပေးပြောသွားတာတွေ့ရတယ်။ နောက်ပြီး မြန်‌မာ့လူမှုစနစ်‌မှာ မိဘ‌တွေကလည်း ကိုယ့်‌သားသမီးသာဖို့ပဲ အား‌ပေးတယ်‌။ အများနဲ့ ပူး‌ပေါင်းဖို့ အားမ‌ပေးဘူး ဆိုတဲ့ဆုံးမစကားလိုမျိုးတွေပဲပြောသွား တာသတိထားမိတယ်။

၁.၁.၂ဝ၁၇ တွင်နေပြည်တော်၌ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk)

တကယ်ငြိမ်းချမ်းရေးအတွက် စစ်ပွဲများများရပ်ဖို့ပြောပေးကြပါဆိုတာတွေ ပြောသွားတယ်။ ဒါနဲ့ကျနော်တို့တိုင်းပြည်မှာ ၂ဝ၁၂ခုနှစ်ကနေ အခု၂ဝ၁၇အထိ ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ Workshop၊ Forum၊ Seminar၊ Campaigns ၊ ဆန္ဒပြပွဲ အပါအဝင် အားလုံး ၅ဝဝ ကျော်ပြီလေ...။ နှစ်စဉ် လတိုင်း နေ့ရက်မပြတ်ငြိမ်းချမ်းရေးအတွက် ပြောဆိုကြ တာတွေကို မသန်စွမ်းကျောင်းက နားမကြားတဲ့သူတောင် ငြိမ်းချမ်းရေးတောင်းဆိုတဲ့အထဲပါတယ်။ မျက်မမြင်တောင် ငြိမ်းချမ်းရေးလှုပ်ရှားမှုထဲပါကြတာကိုလည်း ကျနော်တွေ့မြင်ခဲ့ရတာပဲ။ မကြားတဲ့သူဆိုတာဘယ်သူများရှိနေသေးသလဲမေးခွန်းပြန်ထုတ်မိပါတယ်။

        အမှန်တကယ်ငြိမ်းချမ်းရေးအကြောင်းပြောတော့မယ်ဆိုရင် တရားခံကပြည်တွင်းစစ်ပါ။ ပြည်တွင်းစစ်စတင်ဖြစ်တဲ့ အချိန်က ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက ဆိုတာ မမှားဘူးပေါ့။ ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းအရင်းကဘာလဲ ပြန်လေ့လာတဲ့အခါ ။ လွတ်လပ်ရေး မတိုင်ခင်ကတည်းကရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျိုးသားခေါင်းဆောင်ဦးအောင်ဆန်းက အောက်ဖော်ပြပါအတိုင်းလမ်းညွှန်ပြဌာန်း ခဲ့တယ်။ အဲဒီအတိုင်း ယုံကြည်ခဲ့ကြလို့ ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတယ်။ တကယ်ဖြစ်မလာလို့ ပြည်တွင်းစစ်ဖြစ် ခဲ့ကြရတာပါပဲ။ ဒါဆို အခုချိန်ထိပြည်တွင်းစစ်ဘာလို့ဖြစ်နေကြရတာလဲ မေးစရာဖြစ်လာတယ်။
တိုင်းရင်းသား တို့ဟာ လွတ်လပ်ရေးမရခင်ကတည်းကဖက်ဒရယ်စနစ်ကိုလိုလားလို့ ပင်လုံစာချုပ်ကိုလက် မှတ်ထိုးခဲ့ကြတာပါ။ အခု ၂ဝဝ၈ အခြေခံဥပဒေဟာ ဖက်ဒရယ်အခြေခံမူတွေစံနှုန်းတွေဘာများပါဝင်နေလို့ လဲ။ နောက်ပြီးလူနည်းစုတိုင်းရင်းသားတို့အပေါ်ဘာအခွင့်အရေးနဲ့လုံလောက်တဲ့ကာကွယ်မှုပေးနေသလဲဆို တာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်စိမ်းစိမ်းကြီးကိုလေ့လာရင်သိနိုင်ပါတယ်။ တိုင်းရင်းသားတို့လက်ခံခဲ့သော၊ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းဖြစ်စေချင်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းညွှန်ပြဌာန်းချက်ဆိုတာကတော့ -

       လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲစည်းပုံ အခြေခံဥပဒေနှင့်ပတ်သတ်သည့် လမ်းညွှန်ပြဌာန်းချက်။

တောင်တန်းဒေသနှင့်ကရင်နီနယ်များအပါအဝင်ဖြစ်သော မြန်မာနိုင်ငံတော်သူနိုင်ငံသားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့်လျော်ညီစွာ  နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ စုံညီစုဝေးကြလျက် အောက်ပါပြဌာန်းချက်များကို ချမှတ်ကြကြောင်း-

၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည်မြန်မာပြည်ထောင်စုနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။

၂။ ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြထားသည့် တသီး ပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။

၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော် အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေ ရမည်။

၎။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌၄င်း ၊ နိုင်ငံရေး၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက် အဆင့်အတန်း၊ အခွင့်အရေးနှင့် ဥပဒေသက်ရောက်မှု တို့တွင် ဆူကြုံနိမ့်မြင့်မရှိ။ ပကတိတူညီစေ ရမည့်အပြင် တရားဥပဒေနှင့်သော်၎င်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ခွင့်တို့ ရရှိ တည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။

၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။

၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုသော်၎င်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာအာဏာ စိုးမိုးအုပ်ချုပ် ပိုင်ခွင့် ကို၎င်း၊ တရားဓမ္မနှင့် တကွ ပြည်ထောင်စုအချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရမည်။

၇။ ရာဇဝင်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ဂုဏ်ကျက်သရေနှင့်လျော် ညီစွာ ရသင့်ရထိုက်သောအဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင်၊ လူသတ္တဝါတို့၏ တိုး တက်ရေး နှင့် ကောင်းကျိုး ချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက် ထမ်းရွက်ကာ၊ ပြည်ထောင် အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့်တကွ ကျင့်ဝတ်သိက္ခာ တို့ကိုအခြေပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေးရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဘက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဌာန်ဖြင့် စောင့်ထိန်းတော့အံ့။


     ဟူ၍ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သတ်၍မှာကြားခဲ့သည်။ သို့ရာတွင် ယခုလက်ရှိမြန်မာနိုင်ငံ ၂ဝဝ၈ အခြေခံဥပဒေအား ယခု ထိုမှာကြားချက်များနှင့်နှိုင်းယှဉ်ပါက ပြင်ဆင်စရာအချက်များ ဖျက်သိမ်းစရာအချက်များကို များစွာတွေ့ရှိရ ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်အဓွန့်ရှည်ကြာရှည်နေရခြင်းမှာလည်း ဤအထက်ပါမှာကြား ချက်များဖြင့် တိုင်းရင်း သားတို့ယုံကြည်မှုကိုရယူနိုင်ခဲ့သော်လည်း လက်တွေ့တွင် မှာကြားချက် အပိုဒ်(၂) အရ တိုင်းရင်းသားပြည်နယ်တိုင်းလိုလားသော တန်းတူရေး(ဖက်ဒရယ်) ဆိုသည့် ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြထားသည့် တသီး ပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာမရရှိခြင်း၊အပိုဒ်(၄)အရ နိုင်ငံရေး၊ လူမှုရေး တို့တွင်လည်း တန်းတူညီမျှမှုမရှိပဲ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာစကား၊ စာပေ၊လူမျိုး တို့ကြောင့်ပင် ပြည်တွင်းစစ်သည် နှစ်ပေါင်း ၆ဝကျော် ကြာရှည်ခဲ့ပြီးဖြစ်သည်။  ထို့အပြင်အပိုဒ်(၃)နှင့်အပိုဒ်(၅)အရ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားမရှိခြင်း။ပြည်သူတွင်အာဏာမရှိခြင်းတို့ကြောင့်လည်းပါဝင်သည်။
ထီးသညကျိုးတာင်ကုန်းပေါ်မှ ကျောင်းသား တော်လှန်ရေးရဲဘော်များ(June 29, 1991)

    အမှန်စင်စစ်ပြည်တွင်းစစ်ငြိမ်းချမ်းလိုပါက ၂ဝဝ၈ အခြေခံဥပဒေကိုသာ အဓိကပြင်ဆင်ရမည် (သို့မဟုတ်) ဖျက်သိမ်း၍ပြင်ဆင်ရေးဆွဲရပေလိမ့်မည်။ တိုင်းရင်းသားပြည်သူတို့လိုလားအပ်သော ဖက်ဒရယ်(ဝါ)တန်းတူရေးကို အကောင်အထည်ဖော်ရပေလိမ့်မည်။ ပြည်နယ်အစိုးရသည် ပြည်နယ်အပေါ်အာဏာသက်ရောက်စေရမည်။  
နိုင်ငံသူနိုင်ငံသား (သို့မဟုတ်) ပြည်နယ်သူပြည်နယ်သားတို့သည် ပြည်နယ်အစိုးရသို့မဟုတ် နိုင်ငံတော်အစိုးရအပေါ်တွင် အာဏာစီးဆင်းစေရလိမ့်မည်။ သို့မှသာလျှင် ပြည်တွင်းစစ်သည်လည်းငြိမ်ချမ်းပေလိမ့်မည်။ ကချင်၊ကရင်နီ၊ ကရင်၊ချင်း၊မွန်၊ ရခိုင်၊ရှမ်း တို့အပါအဝင် လူနည်းစုတိုင်းရင်းသားတို့၏လုံလောက်သောအခွင့်အရေးနှင့် ကာကွယ်ပေးမှုတို့ကို ဖွဲ့စည်းပုံအခြေခံတွင်ရေးဆွဲရပေလိမ့်မည်။ ဤနည်းသာလျှင် အမှန်စင်စစ်ငြိမ်းချမ်းပေလိမ့်မည်။ 

  တိုင်းရင်းသားလက်နက်ကိုင်တို့၏ဌာနချုပ်များကိုဖြိုခွဲခြင်း(ဝါ) အမြစ်ပြုတ်တိုက်ခိုက်ခြင်းသည် ငြိမ်းချမ်းရေးအတွက်အဖြေမဟုတ်။ဥပမာ- မာနယ်ပလော၊ ပန်ဆန်းတို့ကို ဖြိုခဲ့သည် လိုင်ဇာ၊ ဂီဒုန်တို့ပေါ်လာခဲ့သလို လက်နက်ကိုင်အရေအတွက်ပိုများလာပါသည်။ ထို့အပြင် မကြာသေးမှီက ဂီဒုန်ကိုဖြိုခဲ့သည်။ ၂ဝဝ၈အခြေခံဥပဒေကို မပြင်ဆင် မဖျက်သိမ်းသ၍ ဌာနချုပ်များ ပေါ် လာဦးမည်ဖြစ်သည်။ လက်နက်ကိုင်များပိုတိုးလာဦးမည်။ ပြည်တွင်းစစ်လည်းရှည်ကြာဦး မည်ဖြစ်သည်။ ထို့အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ဖိုရမ်များ၊ ငြိမ်းချမ်းရေး Campaigns များ၊ Peace-Talk တို့သည်လည်း လူထုကို လှုံဆော်ခြင်းအဆင့်သာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တကယ်ထိရောက်မှု အားနည်းသည်ကိုလည်း တွေ့ရသည်။



ပြင်ဆင်၊ ဖျက်သိမ်း၍ အသစ်ပြန်လည်ရေးဆွဲရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)

     
   နိဂုံးချုပ်အနေဖြင့် ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်၊ဖျက်သိမ်း၍ တန်းတူရေး အခြေခံသော ဖက်ဒရယ်အခြေခံဖွဲ့စည်းပုံပေါ်ပေါက်မှသာလျှင် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိမည်ဖြစ်သည်။ ငြိမ်းချမ်းရေးမရှိသောတိုင်းရင်းသားဒေသတိုင်းသည် လွတ်လပ်ရေးမရှိချေ။  ငြိမ်းချမ်းရေးရမှသာ လျှင် နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လပ်ရေးရရှိ မည်ဖြစ်သည်။ လွတ်လပ်ရေးရရှိမှ သာလျှင်  ဒီမိုကရေစီရေးဖော်ဆောင်နိုင်မည်ဖစ်ကြောင်း ရေးသားရင်း သုံးသပ်ရင်းနိဂုံးချုပ်အပ်ပါသည်။

#စိုင်းနောင်ပြည့်

(၁.၄.၂ဝ၁၇/ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment