Thursday, January 24, 2019

ပအိုဝ်းတိုင်းရင်းသားတို့အကြောင်း သိကောင်းစရာ


ပအိုဝ်းတိုင်းရင်းသားတို့အကြောင်း သိကောင်းစရာ


ဝတ်စားဆင်ယင်မှု့
အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာကဲ့သို့ဝတ်ဆင်ကြလေသည်။ ရှမ်းပြည်နယ်ရှိပအိုဝ်းတိုင်းရင်းသား တို့သည် အနက်ရောင်ဝတ်စုံကိုအများဆုံးဝတ်ဆင်ကြသည်။ အနက်ရောင်ကို ၀တ်ဆင်ကြခြင်းမှ အနက်ရောင်သည်အပူကိုစုတ်ယူနိုင်ခြင်း၊ အေးမြသောရာသီဥတုဒဏ်ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှုသက်သာခြင်း စသည်တို့ကြောင့်ဖြစ်မည်ဟုယူဆရပေသည်။  

ရာသီဥတုဒဏ်ကို ခံနိုင်သည်ဟုဆိုသဖြင့် ပအိုဝ်းတိုင်းရင်းသားတို့သာမက အခြားတိုင်းရင်းသားများပါ အရောင်ကိုမ၀တ်ဆင်ကြသ လောဟု မေးစရာရှိပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ပိုမိုမြင့်မားသော တောင်ထိပ်များတွင်နေထိုင်ကြသောကြောင့် တောင်ပေါ်ဒေသသည် မြေနိမ့်အရပ်ထက် အနွေးဓာတ်နည်းပါး၏။ ထို့ကြောင့်အနက်ရောင်ရှိသော အ၀တ်အစားများကိုဝတ်ဆင်ကြခြင်းဖြစ်မည်ဟုယူဆရပေသည်။ 
ရှမ်းပြည်နယ်တွင် အနက်ရောင်အ၀တ်အစားကို ၀တ်ဆင်ကြသူများမှာ ပအိုဝ်း၊ တောင်ရိုး၊ လီရှောစသည့် တိုင်းရင်းသားများပင်ဖြစ် သည်။ အရောင်တူသော်လည်း ၀တ်စားဆင်ယင်ပုံချင်းကွာလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြသဖြင့်အေးမြသော တောင်ပေါ်ဒေသတွင်နေ့စဉ်ရွှံ့များ၊ မြေများပေကျံမှုကိုတွေ့ကြုံကြရ၏။ အနက်ရောင်ကို ၀တ်ဆင်ထားခြင်းဖြင့် ပေရေမှုကိုသက်သာစေ သည်။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင်အရောင်သဖွယ်ဖြစ်နေပေသည်။

ပွဲနေပွဲထိုင် ၀တ်စုံများကိုလည်းအနက်ရောင်ဖြင့်သာချုပ်လုပ်ဝတ်ဆင်ကြ၏။ ၀တ်ဆင်ရာတွင်လည်း အဖိုးထိုက်တန်သော အမျိုးအ စားများကိုသာဝတ်ဆင်ကြသည်။ အထူးသဖြင့် သက္ကလပ်အနက်များကိုဝတ်ဆင်ကြ၏။ ရှေးကအနက်ရောင်ရှိသောပိုး၊ ဖဲများကိုပင်ဝတ်ဆင်ခဲ့ ကြ၏။ အမျိုးသားဝတ်စုံသည် ကာလတန်ဖိုးအားဖြင့် ကျပ် တစ်သိန်း၊ အမျိုးသမီးဝတ်စုံသည် ကျပ် တစ်သိန်းခွဲ လောက်ရှိ၏။ ဤမျှတန်ဖိုးရှိသော ပွဲနေပွဲ ထိုင်ဝတ်စုံမျိုးကို ဆင်ရဲနွမ်းပါးသူများပင် တစ်စုံစီရှိအောင်ဝယ်ထားကြ၏။

စာရေးသူအား ပအိုဝ်းဝတ်စုံဖြင့်မြင်ရပုံ
အမျိုးသားရော အမျိုးသမီး ၀တ်စုံများကိုပါမိမိတို့ကိုယ်တိုင်မချုပ် လုပ်တတ်သဖြင့် ၀ယ်ယူကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင်ကိုညီညာစွာဝတ်ဆင်ကြသဖြင့် ဂုဏ်တုဂုဏ်ပြိုင်များကင်း သည်ကိုတွေ့ရပေသည်။

ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ဝတ်ဆင်သော အ၀တ်အစားအနက်ကိုကိုယ်တိုင်ရက်လုပ်ဝတ်ဆင်ခဲ့ကြသည်။ ၀ါကို ကိုယ်တိုင်စိုက်၍ ကိုယ်တိုင်ဖန်ကာကိုယ်တိုင်ဗိုင်းငင်ရသည်။ ၀ါချည်ဖြင့်ပင်အထည်ရက်လုပ်ကြသည်။ ၀ါချည်ဖြင့်ရက်လုပ်ထားသော အဖြူရောင်ချည်ထည်ကို အနက်ရောင်ဆိုးယူကြသည်။

အနက်ရောင်ဆိုးပုံမှာ မဲနယ်ပင်၏အရွက်များကိုခူးယူ၍ ပုံးသို့မဟုတ် အိုးထဲတွင်ထည့်ကာလေးငါးညစိမ်ထားရသည်။ မဲနယ်ရွက်များ ပုပ်လာသောအခါ ထုံးဖြင့်ရော၍ချေရသည်။ ချေပြီးသောမဲနယ်ရွက်ကိုမူပစ်လိုက်သည်။ ထုံးနှင့်မဲနယ်ရွက်တို့ရောနယ်ထားသော အရည်ကို အဖြူရောင်အမြှုပ်ထွက်သည်အထိမွှေပေးရသည်။ ထိုနောက် အနည်ထိုင်အောင်ထားပြီး၊ အပေါ်မှအရည်ကြည်ကိုသွန်ထုတ်လိုက်သည်။ ကျန်ရှိသောအနယ်မှာ အနက်ရောင်ရှိလေသည်။

တစ်ဖန် ပအိုဝ်းအခေါ်မုံးရွက် (အမွေးရှိသောအရွက်တစ်မျိုး) ကိုပြာဖြင့်ရောပြီး သုံးညခန့်စိမ်ရသည်။ ဤမုံးရွက်ကိုပြာဖြင့်ရောပြီး သုံးညခန့်ရေစိမ်ရသည်။ သုံးညခန့်ရေစိမ်ပြီးနောက် မုံးရွက်များကိုအရည်ရအောင် ညှစ်ယူ၏။ ထိုအရည်ကိုစောစောကပြုလုပ်ထားသော အနည်းဖြင့်သုံးညခန့်ပြန်စိမ်ရသည်။


ထိုအရည်ကိုတုတ်ချောင်းဖြင့်မွှေ၍ အ၀ါရောင်အရည်ဖြစ်လာပါက ဆေးဆိုနိုင်လေသည်။ ထိုသို့တုတ်ချောင်းဖြင့်မွှေရာတွင် အရည် မှာအ၀ါရောင်ရှိသော်လည်း အမြှုပ်မှာအပြာရောင်ရှိလေသည်။ တုတ်ချောင်းဖြင့်မွှေရာတွင် အမြှပ်မထွက်ပါက အရောင်းဆိုး၍မရသေးပေ။ ဤအရည်ကို ရသောအခါ ရက်လုပ်ထားသော အဖြူရောင်အထည်ကို ရေဖြင့်လျှော်ပြီး အနက်ရောင် ဆေးဆိုးနိုင်သည်။ တစ်ကြိမ်ဆိုးပြီးတိုင်းရေ ဖြင့်လျှော်ရ၏။ ထိုနောက် နေလှန်းရ၏။ ခြောက်လာသောအခါ ညနေတွင် တစ်ခါပြန်ဆိုးပြီး၊ ရေဖြင့်လျှော်ကာ နေတစ်ဖန်ပြန်လှန်းရသည်။ ဤသို့ဖြင့်တစ်နေ့လျှင် နှစ်ကြိမ်ဖြင့် လေးရက်ရှစ်ကြိမ် ဆိုးရပေသည်။

အနက်ရောင်အထည်ကိုရပြီးဖြစ်သော်လည်းဆေးဆိုးသည့်လုပ်ငန်းမပြီးသေးချေ။ ပအိုဝ်းအခေါ် “ စွံ ” ပင်၏အခေါက်ကိုယူ၍၊ သုံးရေ တစ်ရေရအောင်ကျိုရသည်။ ထိုအရည်ကိုအအေးခံပြီး အနက်ရောင်ဆိုးပြီးသောအထည်ကိုဆိုးရသည်။ အခြောက်လှန်းပြီးနောက် ကျွဲသားရေ ကိုအရည်ကျိုပြီး၊ ထိုကျွဲသားရေရည်ဖြင့်ဆိုးရပြန်သည်။ ကျွဲသားရေရည်ဖြင့်မစိမ်ခင်၊ သဲမပါသောအရောင်မွဲသည့်ရွှံ့ထဲတွင်နစ်ပြီးမှ ကျွဲသားရေ ရည်ဖြင့် ဆိုးပါကပို၍နက်သောအရောင်ကိုရရှိသည်။

အနက်ရောင်အထည်ကိုရပြီးသည့်နောက် ထိုအထည်ကိုရေနွေးငွေဖြင့်ပေါင်းခံရသည်။ ရေနွေးငွေ့ဖြင့်ပေါင်းခံပြီးအခြောက်လှန်းရ၏။ ခြောက်လာသောအခါ ပထမဆုံးအနက်ရောင်စဆိုးသည့် အရည်ဖြင့်သုံးကြိမ်ဆိုးရသေးသည်။ တစ်ခါဆိုးပြီးတိုင်း အခြောက်လှန်းကာ သုံးကြိမ် ဆိုးရသည်။ ဤအကြိမ်မှာနောက်ဆုံးအကြိမ်ဖြစ်၏။ ဤအကြိမ်ဆိုးပြီးသောအခါ ပိတုန်းရောင်ကဲ့သို့သော အနက်ရောင်အထည်ကိုရရှိလေသည်။

ရှေးအခါက မိမိတို့ဝတ်ဆင်ရန်အထည်များကိုလက်ဖြင့်ချုပ်လုပ်ဝတ်ဆင်ကြ၏။ အထည်ချုပ်ရန် ချည်များကိုလည်းကိုယ်တိုင်ငင်ယူ ကြသည်။ ပအိုဝ်းအမျိုးသမီးတို့ ဗိုင်းငင်ထားသောချည်များကိုယခုခေတ်အပ်ချုပ်စက်ဖြင့်ပင် ချုပ်နိုင်သည်။ ထို့ကြောင့်ရှေးအခါကပအိုဝ်းတိုင်း ရင်းသားတို့ အနက်ရောင်အထည်များကိုဝတ်ဆင်နိုင်ရေးအတွက်ပင်ပန်းစွာ အဆင့်ဆင့်ဆေးဆိုးယူရပေသည်။ ယခုအခါတွင်မူ ရှေးကကဲ့သို့ ပင်ပန်းစွာ ဆေးဆိုးမယူရတော့ဘဲ အနက်ရောင်အထည်များကိုအလွယ်တကူဝယ်ယူရရှိနိုင်သည်။
ရှမ်းပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် ၀တ်စားဆင်ယင်မှု၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ စာပေနှင့်ဘာသာစကားမှာတစ်နေ့တခြားမှုန် ၀ါးပျောက်ကွယ်နေသည်။ မြေပြန့်နေပအိုဝ်းတိုင်းရင်းသားတို့တွင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများလွှမ်းမိုးလျက်ရှိနေပေသည်။


အမျိုးသားဝတ်စုံ

အမျိုးသားများသည် ဘောင်းဘီပွ၊ အပေါ်အင်္ကျီ(တိုက်ပုံအင်္ကျီ) ကိုဝတ်ဆင်ကြ၏။ ဘောင်းဘီမှာ ရှမ်းဘောင်ဘီနှင့်တူလေသည်။ ရှေးက ပေါင်းအောက်တွဲပြီးအလွန်ပွသော ဘောင်းဘီကိုဝတ်ခဲ့ကြ၏။ ယခုခေတ်တွင် သွားလာမှုလွယ်ကူစေရန် ဘောင်းဘီကိုခပ်ကျဉ်းကျဉ်း ၀တ်လာကြသည်ကိုတွေ့ရသည်။ အတွင်းတွင်အဖြူရောင်ရှိသောရှပ်အင်္ကျီကိုအများဆုံးဝတ်ဆင်ကြ၏။ အခြားအရောင်ကိုဝတ်ဆင်ခြင်းများ လည်းရှိပေသည်။ ခါးပတ်ပတ်ပြီး ကွမ်းအစ်ထည့်ထားသော လွယ်အိတ်ကိုလည်းကောင်း၊ ပလိုင်းပြားကိုလည်းကောင်းလွယ်လေ့ရှိကြသည်။

ခေါင်းပေါင်းကိုလည်းပေါင်းကြ၏။ ရှေးကဖဲခေါင်းပေါင်းကိုဝတ်ဆင်ကြသည်။ အမျိုးသားများပေါင်းသောခေါင်းပေါင်းမှာအရှည် ၁၀ တောင်မှ ၁၂ တောင်ခန့်အထိရှိလေသည်။ ယခုအခါ ရှေးကျသောလူကြီးအချို့နှင့်စာဟောဆရာများသာပေါင်းကြတော့၏။ ယခုအခါခေါင်း ပေါင်းအဖြစ် ဖူးစောင်များကိုပေါင်းကြသည်။ အနီ၊ အ၀ါစသည့်ကွက်ကျားအဆင်မျိုးကို နှစ်သက်ကြသည်။အခြားအဆင်များကိုလည်း ဆင် ယင်သုံးစွဲကြလေသည်။
ယခုအခါအ၀ါရောင်ကိုအများဆုံးနှစ်သက်အသုံးပြုကြသည်ကိုတွေ့ရ၏။ ခေါင်းပေါင်းစကိုအောက်စိုက်ထားပြီးပေါင်း လေ့ရှိသည်။
ပအိုဝ်းခေါင်းပေါင်းဆင်မြန်းထားသော စာရေးသူ
အမျိုးသားများသည် ပွဲလမ်းသဘင်သို့သွားသောအခါ ဘော (၀ါ) ငွေဖြင့်ပြုလုပ်ထားသော တစ်ပေခန့်ရှိသည့်ငွေဓားလွယ်ကိုခါးပတ် တွင် ထိုးထားကြသည်။ ငွေဓားလွယ်၏ အရိုးကိုဆင်စွယ်ဖြင့် ပြုလုပ်ထားကြသည်။ ထိုငွေဓားလွယ်ကိုတိုက်ပုံအင်္ကျီ၏အပြင်ဘက်တွင် ထုတ် ထားကြသည်။ အချို့မှာ ထိုငွေဓားလွယ်ကိုပိုးကြိုးအစမ်းကိုကျစ်၍ချည်နှောင်ကာ ပခုံးတွင်သိုင်း၍လွယ်ထားကြ၏။

အမျိုးသမီးဝတ်စုံ
အမျိုးသားဝတ်စုံသည် ရှမ်းနှင့်တူသော်လည်း အမျိုးသမီးဝတ်စုံမှာ ရှမ်းအမျိုးသမီးဝတ်စုံများနှင့်မတူပေ။ တစ်မူထူးခြားနေ၏။ ပအိုဝ်း တိုင်းရင်းသားတို့သည် အဖ၀ိဇ္ဇာ၊ အမိနဂါးမမှဆင်းသက်လာသည်ဟုယုံကြည်ထားကြသဖြင့်ယခုထက်တိုင် ဆင်ထုံးဖွဲ့နေသောအမျိုးသမီး ၀တ်စားဆင်ယင်ပုံသည် နဂါးနှင့်တူလှပေသည်။
ပအိုဝ်းအမျိုးသမီးဝတ်စုံတွင် ခေါင်းပေါင်းအပါအ၀င်အင်္ဂါငါးရပ်ရှိလေသည်။ အနက်ရောင်အပေါ် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည် အနက်၊ လက်မောင်းစွပ်အနက်၊ ထဘီအနက်၊ ခြေသလုံးပတ်အနက် စသည်ဖြင့်အဆင်သင့်ဝတ်ဆင်ကြသည်။ ခြေသလုံးမှ မျက်စိအထိနှစ် ဘက်လုံးတွင် အနက်ရှိသောအ၀တ်ဖြင့် ပတ်ထားလေသည်။

ပအိုဝ်းဝတ်စုံဝတ်ဆင်ထားသော မော်ဒယ်နန်းခင်ဇေယျာ
ယင်း၏အထက်တွင်ထဘီအနက်ကိုဒူးအောက်နားအထိလည်းကောင်း၊ လုံချည် အပေါ်တွင်သင်တိုင်းကိုထပ်၍လည်းကောင်း၊ အပေါ်ဆုံးတွင် ခါးတိုအင်္ကျီအနက်ကိုလည်းကောင်းအဆင့်ဆင့်ဝတ်ဆင်ထားပေသည်။ ဤသို့ အထပ်ထပ်ဝတ်စားဆင်ယင်မှုသည် နဂါး၏အကြေးခွံအသွင်ကိုဆောင်သည်ဟုဆိုလေသည်။ ဆံထိုးအ၀ိုင်းနှင့်အချွန်နှစ်ခုအနက် အချွန်မှာ နဂါးမ၏အမောက်နှင့်တူစေရန်ဖြစ်၏။ အ၀ိုင်းမှာ နဂါးမ၏မျက်စိနှင့်တူစေရန်ပင်ဖြစ်၏။
အမျိုးသမီးများ၏ ဦးခေါင်းထက်တွင်ဆံပင်ကိုအလယ်တည့်တည့်တွင်လည်းကောင်း၊ အနည်းငယ်စောင်း ၍လည်းကောင်းထုံးထားကြ ၏။ ဤသို့ထုံးခြင်းမှာဘုရား၊ တရားကို ဦးထိပ်ထားသည့်သဘောပင်ဖြစ်၏။ ဦးခေါင်းကိုတဘက်ဖူးစောင်ဖြင့်ပေါင်းထားကြသည်။ ရှေးကမူ ပိုးထည်ကိုသုံးကြ၏။ ပိုးထည်တဘက်ကို ပွဲလမ်းသဘင်များ၌သာပေါင်းတတ်ကြသည်။ ထိုပိုးထည်တဘက်မှာ အရှည်ငါးတောင်ခန့်ရှိ၏။ ရှေး က အညိုရင့်ရောင် ကတ္တီပါတဘက်များကိုလည်းကောင်း၊ သိုးမွှေးဖြင့်ရက်လုပ်ထားသောတဘက်ကိုလည်းကောင်း သုံးခဲ့ကြသည်။ ယခုအခါ အဆင်အမျိုးမျိုးရှိ ပေါ်ပင်တဘက်များကိုအသုံးပြုလေသည်။


ဦးခေါင်းပေါ်တွင်ခေါင်းပေါင်း၊ တဘက်ပေါင်းထားသည့်ပြင်၊ “ ကတူဆဲ့ ” ခေါ် ဆံထိုးနှစ်ခုကိုလည်းစိုက်ထိုးထားကြသည်။ တစ်ခုမှာ ငှက်ပျောဖူးပုံသဏ္ဍာန်ဆောင်၍ တစ်ခုမှာ ကွမ်းသီးအရွယ်ရှိအလုံးဖြစ်လေသည်။ ငှက်ပျော်ဖူးပုံသဏ္ဍာန်ဆံထိုးကို မိခင်နဂါးမ၏အမောက်သ ဖွယ်အဖြစ်လည်းကောင်း၊ ကွမ်းသီးလုံးပုံဆံထိုးကိုနဂါးမ၏မျက်လုံးအဖြစ်လည်းကောင်း ရည်ရွယ်၍ ဆင်ယင်ကြခြင်းဖြစ်လေသည်။ ဆံထိုးကို ပွဲလမ်းသဘင်ရှိသောအခါမှသာ ဆံထိုးတွင်ထိုးစိုက်ဆင်ယင်ကြသည်။ ဆံထိုးကို ပန်းခက်ပန်းနွယ်များဖြင့်ဖော်ထား၏။
ကတူဆဲ့ ခေါ် ဆံထိုးများ
ရှေးကငွေဆံထိုးကိုဝတ်ဆင်ကြ၏။ ငွေဆံထိုးမှာအလေးချိန်နှစ်ကျပ်သားခန့်ရှိသည်။ ငွေဆုံထိုးကိုငွေကြေးမတတ်နိုင်သူများက ၀တ်ဆင်ကြသည်။ ယခုအခါတွင်ရွှေဆံထိုးများကိုသာဝတ်ဆင်ကြတော့၏။ ငှက်ပျော်ဖူးပုံသဏ္ဍာန်ဆံထိုးအချွန်ရွှေအလေးချိန်သုံးကျပ်သားမှ သုံးကျပ်ခွဲအထိရှိလေသည်။ ကွမ်းသီးလုံးပုံ ဆံထိုးမှာ ရွှေငါးမူးသားခန့်ရှိလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ငှက်ပျောဖူးသဏ္ဍာန်ရှိ သော ဆံထိုးကို “ ဆံထိုးရှည် ” ဟုလည်းကောင်း၊ ကွမ်းသီးလုံးပုံသဏ္ဍာန်ရှိဆံထိုးကို “ ဆံထိုးတို ” ဟုလည်းကောင်းခေါ်လေသည်။ ဆုံထိုး များကိုရွှေအနီရောင်တင်ထားလေသည်။

ပအိုဝ်းအမျိုးသမီးများ၏နားတွင် ရွှေနားတောင်း၊ ရွှေပြားလိပ်နားတောင်းတို့ကို ပန်ဆင်ထားကြ၏။ “ နားတောင်း ” ကို ပအိုဝ်းတိုင်း ရင်းသားတို့က “ ပေလာထူ ” ဟုခေါ်သည်။ “ ပေလာ ” ခေါ် နားတောင်းကို အချို့ကရွှေပြားဖြင့်ပြုလုပ်ပြီး၊ အချို့ကရွှေပြားလိပ့်သဏ္ဍာန်အပွ ပြုလုပ်ကြသည်။ ရွှေပြားမှာ အလျားတစ်ပေခန့်ရှိပြီး၊ အနံ တစ်လက်မခန့်ရှိလေသည်။ ရှေးအခါက အမျိုးသမီးများသည် နားပေါက်ကျယ်သ ဖြင့် ရွှေပြားလိပ်နားတောင်းကိုပန်ဆင်ကြ၏။ နားပေါက်ကျဉ်းသူများမှာ နားသန်သီးကိုသာပန်ဆင်ကြ၏။

“ ပေလာထူ ” ခေါ် နားတောင်းကိုပြုလုပ်ကြသောရွှေမှာ ပုရပိုက်ရွှေဖြစ်သည်။ နားတောင်းတစ်ဘက်လျှင် ခြောက်ကျပ်သားခန့်ရှိ လေသည်။ အချို့ကနားတောင်းအောက်တွင် နားသန်သီးကိုဆက်ဆွဲကြသေး၏။ နားသန်သီးမှာနှစ်ကျပ်သားခန့်ရှိလေသည်။ အချို့ငွေကြေး ချမ်းသာသူများမှာ နားတစ်ဘက်လျှင် နားသန်သီးသုံးခုအထိဆွဲတတ်ကြသည်။ ထို့ကြောင့်နားတောင်းက ခြောက်ကျပ်သား၊ နားသန်သီးသုံး ခုက ခြောက်ကျပ်သား၊ ပေါင်းဆယ်နှစ်ကျပ်သားခန့်ဆွဲကြသည်။ လေးလံလွန်းသဖြင့် အနေအထိုင်ကျဉ်းကျပ်စေ၏။ သို့သော်လည်းမြတ်စွာ ဘုရား၏ တရားတော်ကိုနားမှအစဉ်ပန်ဆင်သည့်သဘောဖြင့် အမြတ်တနိုးပန်ဆင်ကြသည်။
ဤသို့ရွှေလိပ်နားတောင်းများ၊ နားသန်သီးများဝတ်ဆင်ထားခြင်းသည် အနေအထိုင်ကျဉ်းကျပ်စေသဖြင့် ပေလိပ်သဏ္ဍာန် အပွနား တောင်းကိုသာဝတ်ဆင်ကြတော့သည်။ အချို့မှာ နားရွက်အပေါက်ဟောင်းလောင်းဖြစ်နေသဖြင့် မြို့ပေါ်ဆေးရုံများသို့တက်၍ပြန်ချုပ်ကြ၏။
ရှေးကအမျိုးသမီးများသည် ငွေလက်ကောက်များကိုဝတ်ဆင်ကြ၏။ 
ငွေလက်ကောက်မှအလုံးရောအပြားပါရှိလေသည်။ ရှေးက လက်နှစ်ဘက်စလုံးတွင် တစ်လက်မခန့်ရှိသော ငွေလက်ကောက်ကိုဝတ်ဆင်ကြသည်။ လက်တစ်ဘက်လျှင် လေးခုခန့်ဝတ်ဆင်လေသည်။ ထို့ကြောင့်အမျိုးသမီးများ စပါးထောင်းလျှင် ငွေလက်ကောက်များကို ထိခိုက်ပွတ်တိုက်သံကို ကြားနေရတတ်သည်။ ယခုအခါငွေလက်ကောက် ၀တ်ဆင်ခြင်းကိုမတွေ့ရတော့ချေ။ ငွေလက်ကောက်အစား ရွှေလက်ကောက်များဝတ်ဆင်လာသည်ကိုတွေ့ရသည်။
ပအိုဝ်းခေါင်းပေါင်းနှင့် ဆံထိုးအရှည်နှစ်ခုဆင်မြန်းထားသော နန်းခင်ဇေယျာ
ရှေးအခါက အမျိုးသမီးများသည်ခြေသလုံးအထက်ဒူးဆစ်အောက်နားတွင် “ တောင်ခံ ” ခေါ် ဘော်ခြေကျင်းများကိုဝတ်ဆင်ကြ၏။ တောင်ခံမှာ တစ်လက်မခန့်ရှိသောငွေ (၀ါ) ဘော်ဖြင့်ပြုလုပ်ထားသောအကွင်းဖြစ်၏။ ထိုငွေကွင်းမှာ တစ်ကွင်းလျှင်ငါးမတ်သားမှ နှစ်ကျပ် သားခန့်အထိရှိ၏။ ထိုငွေကွင်းများကို ကြိုးဖြင့်သီကာ ၀တ်ဆင်ကြလေသည်။ ခြေတစ်ဘက်လျှင် ကြိုးဖြင့်သီထားသောကွင်းတစ်ကွင်းမှ နှစ်ကွင်းထိဝတ်ဆင်ကြ၏။ ယင်းခြေကျင်းများမှာ ခြေနှစ်ဘက်လျှင် နှစ်ပိဿာမှ နှစ်ပိဿာခွဲအထိရှိလေသည်။ တောင်ခံခေါ် ငွေခြေကျင်းများ ကို ၀တ်ဆင်ထားလျှင် လမ်းလျှောက်ရာ၌ လေးလံပြီးခရီးကြန့်ကြာစေ၏။
ထို့ကြောင့်ခေတ်သစ်ပအိုဝ်းအမျိုးသမီးများသည် လေးလံလွန်း၍ ၀တ်ဆင်ခြင်းမပြုကြတော့ပေ။ ငွေခြေကျင်းအစား ဒန်ခြေကျင်းနှင့် “ ဗိုလ်ပွားကြိုး ” ခေါ်ချည်ကြိုးကိုသာဝတ်ဆင်ကြတော့၏။ တောင်ခံကိုရှေးကျသော ကျေးရွာများ၌လည်းကောင်း၊ ပွဲလမ်းသဘင်ရှိသော အခါများ၌လည်းကောင်း အချို့ဝတ်ဆင်နေကြပေသေးသည်။

မှုန်နံ့သာလိမ်းခြယ်ခြင်း
ပအိုဝ်းအမျိုးသမီးများ၏ မျက်နှာလိမ်းခြယ်မှု အလှအပအတွက်အသုံးပြုမှုများမှာ မထူးခြားလှပေ။ ခြယ်သမှုအလှထက် သဘာဝ အလှကိုသာမက်မောကြဟန်တူသည်။ နှုတ်ခမ်းနီဆိုးဆေးနှင့် မိုးပွင့် (စနိုး) မိတ်ကပ်များလောက်ကိုသာသုံး၏။ နှုတ်ခမ်းနီဆိုးဆေးဖြင့် ပါးအို့များ နီနေအောင်ဆိုးထားတတ်ကြသည်။ ပါနီဆိုးခြင်းကို ပင်လုံ၊ လွိုင်လင်ဒေသပတ်ဝန်းကျင်ရှိ ပအိုဝ်းအမျိုးသမီးများသည် နှစ်ခြိုက်စွာ ပြုလုပ်ကြသည်။ အပျိုဖော်ဝင်စကပင် စတင်၍အမြဲမပြတ်ပါးနီဆိုးကြသဖြင့် အသက်သုံးဆယ်နီးပါးတိုင် ပါးအို့များနီနေတတ်လေသည်။

ဖတ်ရှုပေးတာကျေးဇူးတင်ရှိပါတယ်.......နော်
သင့်မိတ်ဆွေတွေကို Share ပေးခြင်းဖြင့် မျှဝေပေးပါဦး
လေးစားစွာဖြင့်
စိုင်းနောင်ပြည့်


No comments:

Post a Comment